Saturday, June 9, 2007

အိမ်ဝေးသူ အလွမ်းများ(၂)

အိမ်လွမ်းနာကျရင် ဘာနဲ့တူသလဲဆိုတော့ …….
မိုးလင်းလာတယ် အိပ်ယာနိုးတာနဲ့ တင် မျက်စိကိုဖွင့် မကြည့် ခင် ပြတင်းတံခါးက စူးရှတဲ့ အလင်းတခုဝင်လာတယ်မှန်း သိပြီးသား။
သူများတွေ အိပ်ယာထလို့ သင်တန်းသွားဖို့ ဖြစ်ဖြစ် အလုပ်သွား ရုံးသွားဖို့ ဖြစ်ဖြစ် ချက်ပြုတ်ပြင်ဆင်တဲ့ ဆူညံသံတွေလဲ အတိုင်းသားကြားနေရသား။
အိပ်ယာထဲက ထဖို့ မစဉ်းစားသေးဘူး။ ညက အိပ်ယာဝင်တာလဲ နောက်ကျတယ်လေ။ အိပ်မပျော်ခင် လမ်းထိပ်သံချောင်းခေါက်သံ ၂ချက်ကြားလိုက် ရသေးဆိုတော့ ၂နာရီ နောက်ပိုင်းမှ အိပ်ပျော်သွားတယ်ဆိုပါတော့ ။

အဆောင်ဆိုတော့ လဲ ထုံးစံအတိုင်း ကိုယ်လုပ်စရာရှိတာ ကိုယ်ကြိုက်တာကိုယ်လုပ် တစ်ယောက်ကို တစ်ယောက် မနှောက်ယှက်ပြီးရော ဆိုတဲ့ သဘောမျိုးပါပဲ။
အိပ်ယာက မထသေးပေမဲ့လဲ အတူနေ အဆောင်သူတွေရဲ့ နေ့ တဓူဝ လှုပ်ရှားမှု လုပ်ငန်းဆောင်တာတွေ အမူအကျင့် တွေက တရေးနိုးထမေးတောင် ပြောပြလို့ ရအောင် အလွတ်မှတ်မိနေပြီးသား။ သူတို့ တွေ ချက်ပြုတ်ပြင်ဆင်၊ ရေမိုးချိုး နံနက်စာတခါတည်းစားသွားပြီး ၉နာရီ မထိုးခင် အဆောင်ရှိလူကုန် အကုန်ထွက်သွားပြီ။ ကျမကတော့ ပက်ကျိတစ်ကောင်လို အိပ်ယာပေါ်မှာ ကိုယ်ခန္ဓာနဲ့ ဖျာနဲ့ ကပ်နေတုန်းလေ။ သာမန်ဖျားတာဆိုရင် ကျမက အသံလေးဘာလေးပေး ထွက်သွားတဲ့ သူတွေကို နှုတ်ဆက်ပြီး မုံ့ စားဆေးသောက် ပြီးမှသာပြန်အိပ်တတ်ပေမဲ့ အဲဒီ အိမ်လွမ်းနာဆိုတာကြီး အလည်လာရင်တော့ ခုလို မလှုပ်မယှက် အသေကောင်လိုငြိမ်သက်နေတတ်တာ မူပိုင်လိုတောင်ဖြစ်နေပြီမို့ သူတို့ လဲ မထူးဆန်းတော့ ဘူးထင်ပါရဲ့ ။


အားလုံးဘယ်သူမှ မရှိမှ အိပ်ယာထဲ နာရီဝက်လောက်ထပ်ပြီး လူးလှိမ့် ပြီးတော့ မှ အိပ်လို့ လဲ မရတော့ တဲ့ အတူတူ အိပ်ယာထလိုက်တယ်။ ပြီးတော့ မျက်နှာသစ်၊သွားတိုက်၊ ကိစ္စ၀ိစ္စလေးတွေရှင်းပြီးလို့ နာရီ ကြည့် မိတော့ မှ ၁၀နာရီတောင် ထိုးသွားပြီလေ။ အဲတော့ မှ ဗိုက်ထဲက တဂွီဂွီမြည်ပြီး ဆာလာတာ သတိထားမိတယ်။ ရုံးကိုတော့ နေမကောင်းလို့ မလာတော့ ဘူးဆိုပြီး အရင် ဖုန်းဆက်ရသေးတာပေါ့ ။ နောက် သူတို့ တွေ တည်ထားပေးတဲ့ ရေနွေးနဲ့ ကော်ဖီလေးဖျော်သောက်ပြီး မုံ့ ကလေးစားလို့ မနက်စာ ဆိုတာ မည်ကာ မတ္တပြီးသွားတာလေ။ အောက်ဆင်းပြီးလဲ မုံ့ စားချင်စိတ်က မရှိဘူးမဟုတ်လား။ ဗိုက်ထဲမှာလဲ နေသာထိုင်သာလေးရှိသွားပြီဆိုတော့ မှ ဇာတ်လမ်းက စတော့တာ။

အိမ်ကိုပဲ ဖုန်းဆက်ရင်ကောင်းမလား၊ ဖုန်းကိုနှိပ်ပြီးမှ စိတ်ကိုမြိုသိပ်ထားလိုက်ပြန်ရင်း ကက်ဆက်ဖွင့် ဖို့ ကြိုးစားရင်း ဘယ်သီချင်းမှလဲ နားထောင်ချင်စိတ်ကလဲ မရှိ ခွေတွေ ကို ပလဲနေအောင် ဖွထားရင်း၊ သူငယ်ချင်းတွေနဲ့ အတူတူ သွားတုန်းကရိုက်ထားတဲ့ ငယ်ငယ်တုန်းက ဓါတ်ပုံတွေကို ဆွဲထုတ်ကြည့် ရင်း သူတို့ ဆီပဲ ဖုန်းဆက်ရကောင်းမလား စဉ်းစားတော့ လဲ နေပါ့ စေလေ သူတို့ အိမ်ထောင်နဲ့ သူတို့ မိသားစုလေး သူဟာသာသူ အေးအေးဆေးဆေး နေပါစေ မနှောက်ယှက်တော့ ပါဘူး စဉ်းစားရင်း ညောင်းလာပြန်တာနဲ့ မသိမ်းရသေးတဲ့ အိပ်ယာထဲ လူက တကျော့ ပြန်ရောက်သွားပြန်ရော။ အိပ်ပျော်လားဆိုတော့ လဲ အိပ်မပျော်ဘူး။ ခွေခေါက်နေတာများဆိုရင် ကျွမ်းဘားမယ်ကတောင် ဆရာခေါ်ရမယ် ထင်ရဲ့။ မြွေဝင်စားလို့ ဒီလိုပုံစံဖြစ်သလားလဲ မသိပါဘူး။ ခေါင်းထဲမှာကလည်း အလုပ်အကြောင်းလဲ မရှိ၊ အချစ်အကြောင်းလဲ မရှိ၊ အိမ်လခပေးဖို့ (သို့ မဟုတ်) အသုံးစရိတ်လောက်ခြင်းမလောက်ခြင်းအတွက် ပိုက်ဆံအကြောင်းလဲ မရှိ။ ဘာပဲ သိလည်းဆိုတော့ ဘာဖြစ်လို့ ငါတစ်ယောက်တည်း အထီးကျန်ဆန်နေရတာ ဒီလောက်ကြာပြီလဲ၊ ဘယ်သူကနေခိုင်းလို့ လဲ။ အိမ်မှာရော ဘယ်လိုတွေနေနေလဲ၊ ဖုန်းထဲမှာ ပြောပြတာနဲ့ တူရဲ့ လား။ ငါ့ ကိုရော တကယ်မှလွမ်းကြရဲ့ လား။ ဖြေဖို့ မလိုတဲ့ ပုစ္ဆာမဆန်တဲ့ သောင်စဉ်ရေမရ အတွေးတွေနဲ့ နပမ်းလုံးပြီး လူကလဲ နွမ်းခွေနေရောပဲ။ နေမကောင်းတာလဲ မဟုတ်၊ ညောင်းညာကိုက်ခဲလို့ လဲ မဟုတ်။ တယောက်တည်း ငေါင်စင်းစင်း အဓိပ္ပါယ်မဲ့ ငေးရင်းတွေးရင်း အဲလိုနဲ့ အချိန်တွေညောင်းလို့ နေလဲ စောင်းလုပြီ၊ အဲဒီကျမှ သတိရလိုက်တယ် နေ့ လည်စာ မစားရသေးဘူး။ အဲတော့ မထူးပါဘူး ရေမိုးချိုးပြီး အောက်ဆင်းတော့ မှ နေ့လည်စာ၊ ညစာ ပေါင်းစားပြီး ဒီဝမ်းတစ်ထွာပြဿနာကို ရှင်းရမယ်ဆိုပြီးမှ အိမ်ကိုလွမ်းရင်း လွမ်းနာကျတာကိုမေ့ ထားပြီး လုပ်စရာရှိတာလုပ်ဖို့ ပြင်ဆင်ရတယ်။

အဲတော့ လဲ အကောင်းအတိုင်းပဲ ပြန်ဖြစ်သွားပြန်ရော။ ဒီလိုနဲ့ ဒီလိုပဲ ကြာကြာနေရင်တခါတော့ အိမ်လွမ်းနာကျနေကြ။ တခါတလေ ညဘက် အိမ်ပြန်လာမှ လွမ်းလို့ အိပ်မပျော်တာမျိုးလဲ ရှိတတ်တာ။ သူများတွေ အိမ်လွမ်းနာကျတာတော့ ဘယ်လိုဖြစ်မယ်မှန်းမသိဘူး။ ကိုယ့် ပါတ်ဝန်းကျင်မှာတော့ စကားမစပ်မိလို့ မေးမကြည့် ဖြစ်ပါဘူး။ နိုင်ငံရပ်ခြားရောက်ပြီးမှ အိမ်လွမ်းနာကျလို့ ပြန်လာဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူက ဂဏန်းလိုပဲလေတဲ့ ။ မိသားစုကို အိမ်ကို အရမ်းချစ်တယ်၊ ကိုယ့် တွင်းရှိရာကို မရောက်ရောက်အောင် ပြန်လာတယ်ဆိုပဲ။ ကျမကတော့ တွင်းပျောက်နေတာလား၊ ကျမပြန်ချင်စရာ တွင်းမရှိတာလား ဆိုတာကို ကျမကိုယ်တိုင်လဲ တွေဝေစွာ စဉ်းစားဆဲပါ။

2 comments:

pandora said...

ကိုယ်လည်း အိမ်နဲ့ ဝေးခဲ့တာ ၁၀ နှစ်ကျော် ရှိပြီ.. အဲဒီလို အချိန်တွေလည်း ဖြတ်ခဲ့ရတယ်။ ကိုယ်ချင်းစာပါတယ်။

ကလိုစေးထူး said...

စိတ်ထဲရှိတာ၊ ခံစားရတာကို အခုလို ပေါ့ပေါ့ပါးပါးပုံစံ ချရေးတဲ့ စတိုင်လ်ကို ကျနော်လဲ နှစ်သက်တယ်။ ကိုယ့်ရဲ့ realism လဲ ဖြစ်တယ်ဆိုတော့ ရေးရတာက စာသားတွေက အထူးအထွေ မစဉ်းစားရပါဘဲနဲ့ ခံစားချက်တွေ ပေါ်လွင်နေတယ်။ ဟိုဘက်မှာ အလုပ်နည်းနည်းရှုပ်နေတာနဲ့ အခုမှပဲ လာဖတ်ဖြစ်တယ်ဗျို့။ အထူးအထွေတော့ မပြောတော့ပါဘူး။ အိမ်ကို ဝေးနေကြသူချင်းအတူတူဆိုတော့ ဒီစာကို ကိုယ်ချင်းစာစိတ်နဲ့ ခံစားလို့ရပါတယ်။