Friday, May 25, 2007

စကားထာဝှက်ကြမယ်

ဘလော့ဂ်ကိုလာလည်တဲ့ သူငယ်ချင်းမိတ်ဆွေတွေရေ စကားထာလေးဝှက်ထားတယ်။အဖြေသိရင် comments ထဲမှာ ၀င်ရေးပေးသွားပါနော်။ဖွက်ထားတဲ့ အထဲမှာ မပါသေးတဲ့ မေးချင်တဲ့ စကားထာလေးတွေ ရှိရင်လည်း comments မှာပဲ ရေးသွားပေးနော်။ ပို့စ် ကို edit လုပ်ပြီး ထပ်တိုးပါ့မယ်။
မြန်မာစကားထာတွေကို ရွေးထုတ်တဲ့ အခါ တောင်ပေါ် သမပိုင်း အနေအထားနဲ့ နီးစပ်မှာကို စဥ်းစားရွေးချယ်ပါတယ်။ အပူပိုင်း အပင်နဲ့ အကောင်လွတ်ရမယ်၊ အပျို လူပျို ချစ်တင်းနှောတာနဲ့ ဆိုင်မယ်၊ ကလေးတွေကို ပျော်အောင်ပြောမယ်၊ လူကြီးချင်း ပညာစမ်းမယ်ဆိုတဲ့ စကားထာအမျိုးအစားတွေကို ရွေးပါတယ်။ အကြောင်းအရာတွေက (၁) တောတောင် သဘာဝ (၂) နေ့ စဉ်သုံး ပစ္စည်းဆိုင်ရာ (၃) သားငှက် (၄) လူ့ ကိုယ်ခန္ဓာနဲ့ (၅) အပင်တွေ ဖြစ်ပါတယ်။ ကဲ စပြီနော်။


သူ့ အပင်က တစ်ရုံကြီး၊ သူ့ အသီးက တစ်လုံးသီး။
သွားတော့ ခွေခွေ နေတော့ စင်းစင်း။
သေတ္တာထဲ ကြိုးခွေခွေ။
ငါ့ နွားတစ်ကောင် ဘို့ တစ်ထောင်။
မဖွတ်ဘဲနှင့် ဖြူ မခပ်ဘဲနှင့် ပြည့် ။
နွေခေါင်ခေါင်တွင် စောင်ခြုံထားသောမုန့် ။
တစ်အိမ်လုံး ကြမ်းပေါက်ကျွံကျပြီး ရေနစ်သောမုန့် ။
နေ့ တွင်ခွေ၍ ညတွင် အလုပ်လုပ်သူ။
အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်ကယူ၊ သုံးဆယ်က၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။
ကြည့် လေဝေးလေ၊ ဝေးလေကြည့်လေ။
တက်လေးစင်းနဲ့ အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။
သွားတော့ ကွေ့ ကောက်၊ မြင့် ရာကရောက်။
နွားနို့ တစ်မြူ ပြည်လုံးဖြူ။
နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။
နတ်သမီး အိမ်တိုင် ပိုးမဖေါက်နိုင်၊ ဖေါက်ပြန်တော့ လည်း တစ်ပေါက်ထဲ။
အမြင်နီး ခရီးဝေး။
စည်ကြီးတီး မျက်နှာမည်းကြီးငို၊ သေသူရှင် ပုန်းသူပေါ်။
မတီးပဲ မြည်။
ခုတ်လို့ မပြတ်၊ သတ်လို့ မသေ။
အိမ်ရှိပေမဲ့ လူမရှိ၊ လူရှိပေမဲ့ အသံ မကြားရ။
ကန်ထဲမှာရေ၊ ရေထဲမှာ မြွေ၊ မြွေခေါင်းမှာရွှေ။
ငမဲဖင် ငနီလျက်။
ငဖြူပေါ် ငနီထပ် ငဖြူအရည်ထွက်။
ငယ်စဉ်ကရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ ရိုက်၊ မာစေလိုလို့ မီးနဲ့ မြိုက်။
သားကရိုက်လို့ အမေငို၊ ၀မ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။
ကျိုးကျိုးကျည်မြည်လို့ လာ အိမ်ရောက်ခါမှ မေးထောက်ကာ။
ထမိန်လှန်၊ အမွှေးနှုတ်၊ အစေ့ စား။
ဖူးကနဲ ထောင်၊ ဖောင်ကနဲ လဲ၊ ရဲရဲ နဲ့ တွဲလွဲဆွဲ။
တက်ခွတော့ အော်၊ အော်ပြီးတော့ ထွက်။
ကျူပင်ကြို ကျူပင်ကြား လောင်းကလေးနဲ့ သွား(လောင်း=လှေငယ်တစ်မျိုး)။
အိမ်တော်သာလမ်း ၁၂ခန်း၊ တခန်းသုံးကျိပ် အပြည့် အိပ်၊ လေးပေါက်တံခါး ဖွင့်လျက်ထား၊ ၀င်ဖူးထွက်ဖူးပါရဲ့လား။
ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောင်္ကျား၊ မိုးပေါ်ပျံကာသွား၊ နတ်လား။
ကျွန်းတုံး ကြောင်လျှောက်။
မရောင်းရ အိုးနဲ့ ဖျာ။
ထန်းလျက်နှစ်လုံးပြူး။
ထန်းလျက် ငါးဆယ်သား။
ထန်းလျက် ရှစ်ဆယ်သား။
စံပယ်ဖူးစဆီးယောက်မ။
ကန်၏တန်ဆာ တံငါ၏လက်စွဲ။
ကောင်းကင်တန်ဆာ လူမလိမ္မာ။
အိပ်မပျော် ထိပ်ပေါ် ခဲကျ။
ခွေးလျားသီး ဘိုင်စကယ်။
ရှမ်းဘုရင် ကြွေနှစ်ပွင့် ၊ တံငါမင့် လက်သုံး။

4 comments:

Gu Gu said...

ငါ့ နွားတစ်ကောင် ဘို့ တစ်ထောင်။
ဖြေ။ ကြက်ဟင်းခါးသီး

ငမဲဖင် ငနီလျက်။
ဖြေ။ ငမဲနဲ့ ငနီဆိုတဲ့ ခွေးနှစ်ကောင်ပါ။ တော်တော်ညစ်ပတ်တဲ့ ကောင်တွေပဲနော်။

အိမ်ရှိပေမဲ့ လူမရှိ၊ လူရှိပေမဲ့ အသံ မကြားရ။
ဖြေ။ ဟိုဖက်လမ်းက သရဲခြောက်တဲ့အိမ် နေမှာပေါ့။

ထမိန်လှန်၊ အမွှေးနှုတ်၊ အစေ့ စား။
ဖြေ။ ပြောင်းဖူး (မစားရဲတော့ဘူး)

ကျွန်းတုံး ကြောင်လျှောက်။
ဖြေ။ လွမ်းတုန်း မောင်ရောက်

ခွေးလျားသီး ဘိုင်စကယ်။
ဖြေ။ ခွေလျားသီးက ယားတယ်၊ ဘိုင်စကယ်က စီးဖို့။ ယားစီး ၊ ယီးစား။

ကလိုစေးထူး said...

သွားတော့ခွေခွေ နေတော့ စင်းစင်း က ခေါင်းခုသဘက်။
မဖွတ်ဘဲနှင့်ဖြူ မခပ်ဘဲနှင့်ပြည့်က အုန်းသီး။
နွေခေါင်ခေါင်တွင် စောင်ခြုံထားသော မုန့်က မုန့်စိမ်းပေါင်း။
နှစ်ယောက်ကမြင်၊ ငါးယောက်ကယူ၊ သုံးဆယ်က၀ါး၊ ကောင်းစားတော့ တယောက်တည်းက တော့ `အစာကို´ လို့ရေးထားတော့ အဖြေပေါ်နေပြီ။ :D
နတ်သမီး တံတွေးပေါက်၊ ကြက် မကောက်နိုင်ကတော့ နေပြောက်။
နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လည်း တစ်ပေါက်ထဲကတော့ အပ်နဖား။
အမြင်နီးခရီးဝေး က တောင်။
စည်ကြီးတီး၊ မျက်နှာမည်းကြီးငို၊ သေသူရှင် ပုန်းသူပေါ် မတီးဘဲမြည်ကတော့ မိုးခြိမ်း မိုးရွာ လျှပ်ပျက်တာ။
ခုတ်လို့မပြတ် သတ်လို့ မသေကတော့ ရေ။
ကျုပင်ကြို ကျုပင်ကြား လောင်းကလေးနဲ့သွားက ယက်ကန်းယက်တာ။
ထန်းလျက် နှစ်လုံးပြူး = တသက်မမုန်းဘူး။
ထန်းလျက် ငါးဆယ်သား= တသက်ညားမယ်လား။
ထန်းလျက် ရှစ်ဆယ်သား = တသက်ပစ်ပယ်မသွား။

လောလောဆည် သိသလောက် ဟုတ်မလားလို့ စမ်းဖြေကြည့်တာပါ။ မှားနေရင်တော့ `မှားတဲ့အခါလည်း မှားပေမပေါ့´ လို့ ပြောရမှာပဲ။ :)

MELODYMAUNG said...

ကိုကလိုစေးထူးစာအရေးကောင်းသလို စာဖတ်ကလဲ ကောင်းသား
သူများဘလော.ဂ်ကစာတွေ တထိုင်တည်းဖတ်သွားသေးတဲ့ အပြင်
စကားထာတွေတောင် ၀င်ဖြေသွားသေး ဟဲဟဲ ထန်းလျက်ရှစ်ဆယ်သား=တသက်ချစ်မယ်ဗျား
ကလွဲရင် အကုန်မှန်ပါတယ် ၁မှတ်
:)

tzm said...

ကန်၏တန်ဆာ တံငါ၏လက်စွဲ။ ( ကြိုက်ပါ )
အိပ်မပျော် ထိပ်ပေါ် ခဲကျ။ ( နောက်ပိုး )
ကောင်းကင်တန်ဆာ လူမလိမ္မာ။ ( ကြိုက်မယ် )

အဲ့... ၃ ခုကြီးများတောင် သိဒါဘဲ.. :D